အပြာရုပ်ရှင် မကြည့်ရမနေနိုင်ဖြစ်နေတဲ့ သင့်ရဲ့စိတ်ကို ဒီလိုထိန်းချုပ်ကြည့်ပါ
ယောက်ျားတစ်ယောက်အတွက် အပြာကားကြည့်တယ်ဆိုတာ ထူးဆန်းတာမဟုတ်တဲ့ သာမန်လိင်အာသာဖြေတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ ပုံမှန်လောက်ကြည့်ပြီး ကိုယ့်လက်နဲ့ အာသာဖြေခြင်းက အမျိုးသားတွေအတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိနိုင်တယ်ဆိုပေမယ့် လိုတာထက်ပိုသွားရင်တော့ စွဲလမ်းတဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ပညာရှင်တွေကတော့ အပြာရုပ်ရှင်စွဲလမ်းမှုကို ကျန်းမာရေးပြဿနာအဖြစ် မသတ်မှတ်ထားပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိတယ်ဆိုတာကိုတော့ ထောက်ခံထားပါတယ်။
လူတွေဘာကြောင့် အပြာရုပ်ရှင်ကြည့်ကြတာလဲဆိုတော့
· စိတ်ဖိစီးမှုကို လျှော့ချဖို့
· လိင်ဆက်ဆံဖော်၊ ချစ်သူ၊ အိမ်ထောင်မရှိလို့
· ကိုယ့်လိင်အင်္ဂါနဲ့ လိင်စိတ်နှိုးဆွနိုင်မှုကို ကောင်းကောင်းနားလည်ဖို့
· ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်ဖို့
· ယောက်ျားလေး သဘာဝ တစ်ယောက်တည်းဖြစ်နေလို့
· ဝင်လာတဲ့လိင်စိတ်အတွေးတွေကို ပုံရိပ်ဖော်ဖို့ စတဲ့ အကြောင်းရင်းတွေကြောင့် အပြာရုပ်ရှင် ကြည့်တတ်ကြပါတယ်။
အပြာရုပ်ရှင်ကြည့်တာ များနေလား၊ နည်းနေလားဆိုတဲ့ စံနှုန်းကို အတိအကျသတ်မှတ်ထားတာမျိုးလည်း မရှိသလို၊ တစ်ယောက်နဲ့တစ်ယောက်လည်း မတူနိုင်ပါဘူး။ ယောက်ျားလေးအများစုက အပြာရုပ်ရှင်ကြည့်လည်း လိင်စိတ်ကြွသလို၊ နဂိုလိင်စိတ်ကြွနေတာကြောင့် အပြာရုပ်ရှင် ဝင်ကြည့်တာမျိုးလည်း ရှိပါတယ်။ လိင်အာသာဖြေတာလည်း အတူတူပါပဲ။ ဥပမာအားဖြင့် ယောက်ျားလေးတွေမှာ တစ်ရက်ကို အနည်းဆုံးတစ်ကြိမ် အာသာဖြေမှ နေသားကျသူတွေရှိသလို၊ တစ်ပတ်လောက်နေမှ တစ်ကြိမ်တောင် မလုပ်ဖြစ်သူတွေလည်း ရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ပုံမှန်လုပ်တဲ့အကြိမ်ရေ၊ ခန္ဓာကိုယ်က ဘယ်လောက်ထိ ဒဏ်ခံနိုင်လဲဆိုတာပေါ် မူတည်ပြီး အတိုးအလျှော့တော့ လုပ်ပေးဖို့ လိုပါတယ်။
အပြာရုပ်ရှင်ကြည့်တာ စွဲနေပြီဆိုတာကို သိနိုင်တဲ့လက္ခဏာတွေကတော့
· ကိုယ့်ရဲ့တစ်နေ့တာမှာ အရေးကြီးတဲ့အလုပ်တွေကို ပစ်ပြီး အပြာရုပ်ရှင်ကြည့်ဖို့ကိုပဲ စိတ်ရောက်နေတာ
· အပြာရုပ်ရှင်မကြည့်ရင် အာသာဖြေဖို့၊ လိင်ဆက်ဆံဖို့ ခက်ခဲတာ
· ဆက်မကြည့်ဖို့ အတွေးဝင်လာရင်တောင် မျက်လုံးက ခွာလိုက်ဖို့ ခက်ခဲနေတာ
· ကိုယ့်ရဲ့အချစ်ရေး၊ လူမှုရေးကိုပါ ထိခိုက်လာတာ
· အပြာရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ၊ ဆက်ဆံတဲ့အနေအထားတွေအတိုင်း အပြင်လက်တွေ့ဘဝမှာ အမြဲပုံဖော်စိတ်ကူးယဉ်နေတတ်တာ စတာတွေပဲဖြစ်ပါတယ်။
အပြာရုပ်ရှင်ကြည့်တဲ့ အကျင့်ကို ဖျောက်ဖို့အတွက်
၁။ အကြောင်းရင်းတစ်ခုကို သေချာရှာပါ။
ဥပမာ - ကိုယ်က အပြာရုပ်ရှင်ကြည့်လွန်းတာကြောင့် ချစ်ရသူနဲ့ ဝေးသွားတာ၊ လူမှုရေးမှာ အရှက်ကွဲခဲ့ဖူးတာ၊ ကိုယ့်ရဲ့တစ်နေ့တာအလုပ်တွေ ထိခိုက်ပြီး အဆူခံရတာ၊ အလုပ်ပြုတ်သွားတာ စတဲ့ အကြောင်းရင်းတွေ၊ ဖြစ်ရပ်တွေ နောက်ကွယ်မှာ အများကြီးရှိနိုင်ပါတယ်။ ကိုယ့်ကို ဘာကြောင့် ဒီအကျင့်ဖျောက်ဖို့ အကြောင်းဖန်လာစေတဲ့အရာကို သေချာပြန်စဉ်းစားဖို့တော့ လိုပါတယ်။
၂။ အခြေအနေကို အမှန်အတိုင်းလက်ခံပါ။
ကိုယ်က အပြာရုပ်ရှင်ကြည့်ရတာ ကြိုက်တယ်ဆိုရင် ကြိုက်တယ်လို့ပဲ အမှန်အတိုင်းဝန်ခံပါ။ ဒီလိုကြိုက်တာကြောင့်ပဲ မလွန်သွားအောင် ကိုယ့်ကိုယ်ကို ပြန်ထိန်းရတာပဲဖြစ်ပါတယ်။
၃။ ရှိသမျှ အပြာရုပ်ရှင်တွေအကုန် ရှင်းထုတ်ပါ။
ကိုယ့်ဖုန်းထဲမှာ၊ ကွန်ပျူတာထဲမှာ အပြာရုပ်ရှင်တွေရှိနေရင် ဖျက်ပစ်ပါ။ အပြင်မှာ ရုပ်ရှင်ခွေတွေ ရှိနေရင် လွှင့်ပစ်တာ၊ ဒါမှမဟုတ် တခြားတစ်ယောက်ကို ပေးပြီးသိမ်းခိုင်းထားပါ။ အဓိက ကိုယ့်ဆီမှာ ရုပ်ရှင်မရှိဘူးဆိုရင် ကြည့်ဖို့ အခွင့်အလမ်းတော်တော်လေး နည်းသွားနိုင်ပါတယ်။
၄။ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။
စွဲလမ်းစိတ်ဟာ လူတွေရဲ့ စိတ်ကိုပင်ပန်းလေးလံစေသလို ပြင်ပလောကမှာပါ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် တတ်နိုင်သလောက် နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးတာ၊ မိသားစုနဲ့ တိုင်ပင်တာမျိုး လုပ်ပေးပါ။
၅။ ကိုယ်စိတ်ဝင်စားတဲ့ ဝါသနာတစ်ခုခု မွေးပေးပါ။
အရင်က အချိန်မအားလို့၊ အလုပ်ရှုပ်လို့၊ အကြောင်းရင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်လိုက်တဲ့ ဝါသနာပါရာလေးတွေကို အပြာရုပ်ရှင်ကြည့်မယ့်အချိန်တွေမှာ အချိန်ပေးပြီး လုပ်ရင်း စိတ်အပန်းဖြေကြည့်ပါ။
ရေးသားသူ - ရဲမျိုးမြတ်